တကျော့ပြန် မိုးပြာဂိုဏ်း ဘာလဲ ဘယ်လဲ
------ ------ ------ ------ ---
အနှစ်မရှိသောတရား၌ အနှစ်ရှိ၏ ဟု အယူ ရှိကြကုန်၏။ အနှစ်ရှိသောတရား၌မူကား အနှစ်မရှိဟု အယူရှိကြကုန်၏။ ထိုသူတို့သည်မှားသော ကြံစည်မှုလျှင် (ကျက်စားရာ) အာရုံရှိကုန်ရကား အနှစ်ရှိသောတရားကို တသက်လုံးမရနိုင်ကြကုန်။
(မြတ်ဗုဒ္ဓ)
မကြာသေးခင်က အယူဝါဒဆိုင်ရာ ပြဿနာတခုဖြစ်တဲ့ မိုးပြာဂိုဏ်း၏ ပစ္စုပ္ပန် ကမ္မဝါဒနဲ့ပတ်သက်ပြီး ရဟန်းရှင်လူ ပြည်သူတွေအကြား ပွတ်လောရိုက်ကာ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြဿနာရဲ့အစဟာ ၃-၁၂-၂၀၁၆ (စနေနေ့)ထုတ် မြန်မာ့အလင်းသတင်းစာ အတွဲ- ၅၆၊ အမှတ် ၀၆၄၊ စာမျက်နှာ ၁၃ တွင် ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန် ကြေညာခြင်းခေါင်းစဉ်ဖြင့် ဦးနေ၀င်းအမည်ရှိ ဒါယကာတဦးက မိုးပြာဂိုဏ်း၏ပစ္စုပ္ပန်ကမ္မဝါဒဆိုင်ရာဟောပြောချက်တွေ၊ စာအုပ်စာတမ်းတွေ၊ တိပ်ခွေတွေကို ဖြန့်ချိမည် ဖြစ်ကြောင်း ကြေညာချက်ကနေ အစပြု ခဲ့တာပဲ ဖြစ်ပါတယ်။
သာသနာရေး၀န်ကြီးဌာနကလည်း ချက်ချင်းဆိုသလို ၁၆-၁၂-၂၀၁၁ ရက်စွဲပါ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့က ညွှန်ကြားလွှာအမှတ်- ၉၅ ဖြင့် အဆို ပါပစ္စုပ္ပန်ကမ္မဝါဒဟာ အဓမ္မဝါဒဖြစ်ကြောင်း ဝိနည်း ဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာဥပဒေပုဒ်မတွေနဲ့ လွန်ခဲ့သော ၅ နှစ်ခန့်ထဲက တရား၀င် ကြေညာထားပြီးသားဖြစ်လို့ ဦးနေ၀င်း၏ ကြေညာချက်ကို ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည့်အပြင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားတာကို ဖတ်ရှုခဲ့ရပါတယ်။ ဒီကိစ္စအပေါ်အခြေခံပြီး နိုင်ငံတော်ကို ဆူပူအောင်လုပ်လိုသူ လူ့အခွင့်အရေးလှုပ်ရှားသူ အမည်ခံကြောင်သူတော်တချို့နဲ့ မိုးပြာဂိုဏ်းသားတွေဟာ လွတ်လပ်စွာရေးသားခွင့်၊ ပြောဆိုခွင့်ကို ပိတ်ပင်ခံရတယ်လို့ ကြွေးကြော်လာတာကိုတွေ့နေရလို့ ဒီဆောင်းပါးကိုရေးသားရခြင်းပဲ ဖြစ်ပါတယ်။
“ဘုရားရှင်လက်ထက် အယူဝါဒကွဲပြားမှု ပြဿနာများ”
မြတ်စွာဘုရား သက်တော်ထင်ရှားရှိခဲ့စဉ်အခါကပင် သာသနာအတွင်း အယူဝါဒဆိုရင် မတူညီမှုများ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ တခါက သုနက္ခတ္တအမည်ရှိတဲ့ ရဟန်းတပါးဟာ မြတ်စွာဘုရား၏သာသနာမှ ထွက်ခွာဖို့ လာရောက်လျှောက်ထားရာ ဘုရားရှင်ကတားမြစ်သော်လည်း ပြောမရလို့ ထွက်ခွာခွင့်ပေးတော်မူခဲ့ပါတယ်။ အဲဒီရဟန်းကပဲ သာသနာမှထွက်ခွာပြီး နောက်ပိုင်းဘုရားရှင်ကို မှားယွင်းသောစကားတို့ဖြင့် ဝေဖန်စွပ်စွဲပြောဆိုခဲ့တယ်။ ထိုနည်းတူ ရှင်အာနန္ဒာ၏ တပည့်သာ၀က (၃၀)ဟာ သာသနာမှ ထွက်ခွာသွား ပြီးနောက် မကောင်းမှုကိစ္စတွေကိုပြုပြီး သာသနာတော်ကြီးအပေါ် အပြစ်ပုံချဖူးတယ်။ နောက်တခါ အရိဋ္ဌ အမည်ရှိတဲ့ ရဟန်းတပါးဟာ သာသနာအတွင်းမှာပဲ တားမြစ်ထားတဲ့ အယူဝါဒဆိုးတွေကို လက်ခံကျင့်သုံးပြီး ပြဿနာများစွာ ဖန်တီးဖူးတယ်။ ထိုနည်းတူ သာတိအမည်ရှိတဲ့ ရဟန်းတပါးဟာ ဝိညာဏ်သည် တည်မြဲ၍ ဟိုဘ၀ဒီဘ၀ ပြေးလွှားကျင်လည်နေကြောင်း သဿတအယူမှားကို လက်ခံသင့်ကြောင်း ဟောပြောပို့ချ ခဲ့ဖူးတယ်။ အဲဒီလိုအယူဝါဒအမှားတွေ ပေါ်ထွက်လာခဲ့ရာမှာ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဓမ္မဝိနယနဲ့အညီ အရေးယူဆောင်ရွက်ပြီး သာသနာတော်ကို သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်ခဲ့တာကို ပိဋကတ်သုံးပုံထဲမှာ တွေ့ရှိနိုင်ပါတယ်။
“အယူဝါဒကွဲပြားမှု ပြဿနာကြောင့် ဒုတိယ သင်္ဂါယနာတင်ခဲ့ရပုံ”
စူဠ၀ဂ္ဂပါဠိတော်အလိုအရဆိုရင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနှစ်(၁၀၀)ကျော်မှာ ဝေသာလီပြည် ၀ဇ္ဇီပုတ္တက ရဟန်းတွေက ၁။ သားချိုဖြင့် သိုမှီးထားတဲ့ ဆားကိုနေ့ကူး၍ သုံးဆောင်ကောင်းခြင်း ၂။ နေလက် နှစ်သစ်ခန့် မွန်းတိမ်းချိန်ဆွမ်းစားခြင်း ၃။ တပါးသော ရွာသို့ကြွပြီးနောက် ပဝါရိတ်သင့်တဲ့ရဟန်းဟာ အတိ ရိတ်ဝိနည်းကံမပြုဘဲဆွမ်းစားခြင်း ၄။ သိမ်တခုထဲတွင် သံဃာတစုထက်ပို၍ ကံဆောင်ခြင်း ၅။ ဖိတ်ကြားထား သော ရဟန်းများရောက်အလာကိုမစောင့်ဘဲ သံဃာကံပြုထိုက်သည်ဟုယူဆခြင်း ၆။ ဥပဇ္ဈာယ် ဆရာလုပ်ဆောင်သမျှ ဝိနည်းနှင့်အပ်စပ်သည်ဟုယူဆခြင်း ၇။ နို့ဓမ်းအဖြစ် မရောက်သေးသောနို့ကို အတိ ရိတ်ဝိနည်းကံမပြုဘဲသုံးဆောင်ခြင်း ၈။ သေရည်အနုစားကို သောက်အပ်သည်ဟုယူဆခြင်း ၉။ အဆာ မရှိသော နိသီဒိုင်ကိုအပ်သည်ဟုယူဆခြင်း ၁၀။ ရွှေငွေကိုအလှူခံနိုင်ခြင်းဆိုတဲ့ ဝိနည်းတော်နဲ့မညီညွတ်တဲ့ ဒီအချက်(၁၀)ချက်ကို ကျူးလွန်ဆောင်ရွက်နေကြပါတယ်။ ထိုအခါ ကောသမ္ဘီပြည်မှကြွလာတဲ့ အရှင် ယသမထေရ်က၀ဇ္ဇီပုတ္တကရဟန်းတွေရဲ့ မှားယွင်းတဲ့လုပ်ရပ်တွေဟာ ဘုရားဟောနှင့်မညီတာကြောင့် မပြုလုပ်ကြဖို့ ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမဲ့ ၀ဇ္ဇီပုတ္တက ရဟန်းတွေက အရှင်ယသမထေရ်ကို ဥက္ခေပနိယကံ ပြုပြီး နှင်ထုတ်ခဲ့ကြပါတယ်။ ဒါကြောင့် အရှင်ယသ မထေရ်က ဇာတိမြို့ ကောသမ္ဘီကိုပြန်ကြွပြီး သံဃာတွေစုစည်းကာ တချိန်တည်း ပါထေယျတိုင်းနှင့် အ၀န္တိကတိုင်းများရှိ သံဃာတွေကိုပါ အကြောင်းကြားခဲ့ပါတယ်။ အဲဒီအခါမှာပဲ ရေ၀တမထေရ်ကြီးဦးဆောင်တဲ့ ဝိနိစ္ဆယ(၈)ပါးအဖွဲ့ ဖွဲ့စည်းပြီး ဝေသာလီရဟန်းများ၏ အဓမ္မ၀တ္ထုတွေကို ဝိနည်းအရ မှားယွင်းကြောင်း ဆုံးဖြတ်ပြီး ဒုတိယသင်္ဂါယနာ တင်ခဲ့ကြပါတယ်။ ဝိနည်း ကံအဆုံးအဖြတ်မှာ ရှုံးနိမ့်သွားတဲ့ ဝေသာလီရဟန်းတွေက သူတို့နဲ့အယူဝါဒတူတဲ့ ရဟန်းအင်အား တသောင်း စုစည်းပြီး စင်ပြိုင်သင်္ဂါယနာခေါ် သံဃာအစည်းဝေးပွဲကြီးတခုကို ကျင်းပပြုလုပ်ကာ မဟာသံဃိကဂိုဏ်းဆိုပြီး တည်ထောင်လိုက်ကြပါတယ်။ အဲဒီကနေစတင်ကာ ထေရဝါဒဂိုဏ်းနဲ့ မဟာသံဃိက ဂိုဏ်းဆိုပြီး သာသနာမှာ နှစ်ပိုင်းကွဲထွက်လာခဲ့ပါတယ်။ မှတ်တမ်းတွေအရ မဟာသံဃိကဂိုဏ်းကနေ ယနေ့ခေတ် မဟာယာနဂိုဏ်း ဆိုတာ ဆင်းသက်လာတယ်လို့ ယူဆနိုင်ပါတယ်။
“မြန်မာပြည် ထေရဝါဒဂိုဏ်းများနှင့် စည်းမျဉ်းဥပဒေ”
ယနေ့ထိ မိမိနိုင်ငံမှာ တရား၀င်အသိအမှတ်ပြုထားတဲ့ထေရဝါဒဂိုဏ်းများဟာ စာရင်းအရ ၁။ သုဓမ္မာဂိုဏ်း ၂။ ရွှေကျင်ဂိုဏ်း ၃။ အနောက်ချောင်းဒွါရဂိုဏ်း ၄။ မဟာဒွါရဂိုဏ်း ၅။ မူလဒွါရဂိုဏ်း ၆။ဝေဠု၀န် နိကာယဂိုဏ်း ၇။ စတုဘုမ္မိကမဟာသတိပဌာန်ငှက်တွင်းဂိုဏ်း ၈။ ဂဏဝိမုတ္တိကူးတို့ဂိုဏ်း ၉။ ဓမ္မယုတ္တိ နိကာယမဟာရင် ဂိုဏ်းဆိုပြီး စုစုပေါင်း (၉)ဂိုဏ်းသာ ရှိပါတယ်။ ဒီ(၉)ဂိုဏ်းဟာလည်း သင်္ဂါယနာခြောက် တန်တင် ဓမ္မဝိနယများ အပေါ် တူညီတဲ့ လက်ခံကျင့်သုံးမှုရှိနေသည့်အတွက် ကွဲပြားခြားနားသည်ဟု မဆိုနိုင်ပါဘူး။ သံဃမဟာနာယကဟာ ဒီထက်ပိုပြီး မည်သည့်ဂိုဏ်းကိုမျှ ထေရဝါဒဂိုဏ်းအဖြစ် လက်ခံခြင်းမပြုတော့ပါဘူး။ ဒါကို တရား၀င်ဖြစ်ဖို့အတွက် ဖေဖော်ဝါရီ (၁) ရက်နေ့ ၁၉၈၀ မှာပဲ သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်းဥပဒေ အခန်း (၂) အပိုဒ်(၄) တွင် မြန်မာနိုင်ငံမှာ ထေရဝါဒဂိုဏ်းခွဲအသစ် ထပ်မံထူတောင်ခွင့်မပြုကြောင်းနဲ့ လိုက်နာခြင်းမပြုပါက ဥပဒေအရ ထောင်ဒဏ်ကျခံရမှာဖြစ်ကြောင်း ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါကြောင့် မိုးပြာဂိုဏ်းဟာ ဂိုဏ်းဂဏအသစ် ဖြစ်ဖို့ဆိုတာ လုံး၀မဖြစ်နိုင်တော့ပါဘူး။ သို့သော်လည်း မိုးပြာဂိုဏ်းကို တည်ထောင်သူ ဦးဥာဏဟာ ထမင်းရည်ပူလျှာလွှဲနည်းသုံးပြီး သူတို့ဂိုဏ်းဟာ ထေရဝါဒဂိုဏ်းမဟုတ် ပစ္စုပ္ပန်ကမ္မဝါဒကို ကျင့်သုံးသည့် ဂိုဏ်းသာဖြစ်သည်ဟု ချေပထားတာကို တွေ့ရှိရပါတယ်။
“မိုးပြာဂိုဏ်းသမိုင်းနောက်ကြောင်းနှင့် အယူဝါဒရေးရာများ”
မိုးပြာဂိုဏ်းတည်ထောင်သူ ဦးဥာဏဟာ စစ်ကိုင်းတိုင်းမင်းကွန်း၊ ရွှေမြင်တင်တောင်မှာ နေထိုင်ပြီး တရားအားထုတ်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ သူ့ကိုယ်သူ ဈာန်ရပုဂ္ဂိုလ်၊ ပဋိသမ္ဘီဒါရ ရဟန္တာဖြစ်ပြီလို့ တရား၀င် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဒကာ၊ ဒကာမများကိုလည်း သူ့အယူဝါဒဆိုင်ရာတရားများကို ဟောပြော ပို့ချနေခဲ့ပါတယ်။ ဒီအကြောင်းကို စစ်ကိုင်းမြို့နယ် သံဃနာယကအဖွဲ့က ကြားသိပြီး ဟုတ်၊ မဟုတ် စိစစ်ရာ နောက်ဆုံးတိုင်းနဲ့ ဗဟိုဌာနဖြစ်တဲ့ နိုင်ငံတော်သံမဟာနာယကထံကို မိုးပြာဂိုဏ်းဦးဥာဏနှင့် ဦးဂုဏတို့ဟာ 'သာသနာရေးလျှောက်ထားတောင်းဆိုလွှာ' အမည်ရှိတဲ့စာတမ်းဖြင့် စောဒနာတင်သွင်းခဲ့ပြီး မြို့နယ်နှင့် တိုင်းတို့၏ ဝိနည်းဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ပေမဲ့ ဗဟိုဌာနမှာ စိစစ်လိုက်တဲ့အခါလည်း ရဟန္တာမဟုတ်ကြောင်း ထင်ရှားသဖြင့် စတုတ္ထပါရာဇိကနဲ့ ငြိစွန်းတယ်ဆိုပြီး သူတို့ကိုလူ၀တ်လဲစေပြီး ထောင်ချခဲ့ပါတယ်။ ထောင်ကလွတ်တဲ့အခါ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာအမည်ခံပြီး ဂိုဏ်းထူထောင်ပြီး မိုးပြာဝါဒကို စွန့်လွှတ်ခြင်းမရှိဘဲ ဝါဒဖြန့်မှုအတွက် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် ပုဒ်မ ၂၉၅(က)၊ ၆/၉၀၊ ၂၀/၉၀ ဝိနိစ္ဆယကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ ဂိုဏ်းသစ်မထူထောင်ရန် ပြဋ္ဌာန်းထားသည့် သံဃအဖွဲ့စည်းဆိုင်ရာ စည်းမျဉ်းဥပဒေတို့ဖြင့် ငြိစွန်းလို့ မြစ်ကြီးနားထောင်မှာ အနှစ်(၂၀)နဲ့ ၆ လ ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဦးဥာဏဦးဆောင်သည့် မိုးပြာဂိုဏ်းဟာ ထေရဝါဒဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ လိုက်လံတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ မိုးပြာဂိုဏ်းဟာ ထေရဝါဒဗုဒ္ဓဘာသာ၀င်တို့ အနိမ့်ဆုံးလိုက်နာရမည့် ငါးပါးသီလကိုပင် လိုသလိုပုံဆွဲပြီး ဖျက်ဆီးထားပါတယ်။
ဒါတွေကတော့
ပါဏာတိပါတ- တိရစ္ဆာန် အားလုံး၏ အသက်ကို သတ်ကောင်းတယ်။
အဒိန္နာ ဒါနာ-အဖွဲ့အစည်းပိုင်၊ အများပိုင်၊ အစိုးရပိုင်ပစ္စည်းကို ခိုးကောင်းတယ်။
ကာမေသုမိစ္ဆာစာရ- အမျိုးသမီးကျေနပ်ပါက ကုသိုလ်ပင်ရသေး၏။
မုသာဝါဒ-စေတနာနဲ့ဆို လိမ်ညာပြီး ပြောကောင်းတယ်။
သုရာမေရယ- အရက်ကို တော်ရုံသင့်ရုံသောက်ရင် သောက်ကောင်းတယ်ဆိုပြီး ထေရဝါဒဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို ဖျက်လိုဖျက်ဆီးပြုလုပ်ပါတယ်။
ဒါ့အပြင် မိုးပြာဂိုဏ်းရဲ့ အဘိဓမ္မာဟာ ဘုရားဟော မဟုတ်၊ ရှေ့ဘဝနောက်ဘ၀မရှိ၊ ကံနှင့်ကံ၏အကျိုးဆိုတာမရှိ၊ သုံးဆယ့်တစ်ဘုံမရှိ၊ နိဗ္ဗာန်နှင့်သံသရာကို အယုံအကြည်မရှိ၊ လူအစစ်သည် လူသာဖြစ်သည်၊ မူလခန္ဓာသာဖြစ်သည်၊ ထိုခန္ဓာကိုယ်ကို တရားမရှုရ၊ ရှုလျှင် တရားမဟုတ်၊ ကောင်းမှုကုသိုလ် မပြုကောင်းဟု ယူဆကြပါတယ်။ ဘုရားရှိခိုးခြင်း၊ ဆင်းတုတော်ပူဇော်ခြင်း၊ ဥပုသ်စောင့်ခြင်းများကို မပြုလုပ်သင့်သည့်အပြင် အပိုအလုပ်များဖြစ်သည်ဟု ယူဆကြပါတယ်။
အထက်ပါ မိုးပြာဂိုဏ်း၏ အယူဝါဒတွေကို ထောက်ဆခြင်းအားဖြင့် သူတို့ဟာ ဘယ်လောက်ပင် ထေရဝါဒ ဗုဒ္ဓဘာသာဖြင့် ဆက်စပ်မှုမရှိ၊ ပစ္စုပ္ပန်ကမ္မဝါဒကို ကျင့်သုံးသည့် ဂိုဏ်းသာဖြစ်သည်ဟု ကြွေးကြော်နေပါစေ သူတို့ရဲ့ ဟောပြောရေးသားမှုများဟာ ထေရဝါဒဗုဒ္ဓဘာသာစာပေထဲက အယူအဆတွေကို ပြောင်းပြန်ပြုလုပ်ပြီး သုံးစွဲနေခြင်းသာဖြစ်လို့ မိမိတို့ထေရဝါဒ ဗုဒ္ဓဘာသာအတွက် အလွန်အင်မတန်မှ အန္တရာယ်ကြီးပဲ ဖြစ်ပါတယ်။ မိမိတို့ ထေရဝါဒဗုဒ္ဓဘာသာဟာ အခြေခံမူဝါဒသုံးမျိုးအပေါ် တည်ထောင်ထားခြင်းဖြစ်ပါတယ်။ အဲဒါတွေကတော့
၁။ ဘုရားရှင်ဟောကြားထားတာကို မပယ်နုတ်ရဘူး။
၂။ ဘုရားရှင် မဟောကြားတာကိုလည်း ထည့်သွင်းခြင်းလုံး၀မပြုရဘူး။
၃။ ဘုရားရှင်၏ဟောကြားချက်များကို မူလအတိုင်းသာ လိုက်နာလက်ခံ ကျင့်သုံးရမယ်ဆိုတဲ့ မူဝါဒသုံးချက်ပဲ ဖြစ်ပါတယ်။ ဆိုတော့ မိုးပြာဂိုဏ်းဟာ ဒီအချက်တွေနဲ့ မကိုက်ညီသည့်အပြင် ထေရဝါဒဗုဒ္ဓဘာသာရဲ့ အဆီအနှစ် တရားဓမ္မတွေကို ပုံတူကူးချပြီး လိုသလို ဟောပြောပို့ချနေမှုများကြောင့် ထေရဝါဒဂိုဏ်း၀င်ဟု မဆိုသာသလို သူတို့၏ ဟောပြောပို့ချမှုတွေထဲမှာ ထေရဝါဒဗုဒ္ဓစာပေတွေ ပါ၀င်နေလို့ မိမိတို့နိုင်ငံအတွက် အဓိက အဆိပ်အတောက်ပြဿနာကြီးပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီမိုးပြာဂိုဏ်းကြီးကို လွန်ခဲ့တဲ့ (၆)နှစ်ခန့်ထဲက သံဃာ့ဥသျှောင်ဖြစ်တဲ့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အစည်းကြီးက ပြတ်သားစွာ အဓမ္မဝါဒီဂိုဏ်းဖြစ်ကြောင်း တရား၀င် ထုတ်ဖော်ကြေညာပြီး နှိမ်နင်းခဲ့တာပဲ ဖြစ်ပါတယ်။ သို့သော် ယနေ့မှာတော့ မည်သို့သော ရည်ရွယ်ချက်ကြောင့်မသိ ဦးနေ၀င်းအမည်ရှိ ဒါယကာမှအစပြုလို့ မိုးပြာဂိုဏ်းကို လိုလားသူတွေက ပြန်ပြီးအသက်သွင်းဖို့ ပေါ်ပေါ်တင်တင် ကြိုးစားလာဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူးလို့ မြင်မိပါတယ်။ ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာပြောဆိုရေးသားခွင့် အပြည့်အ၀ရှိတယ်ဆိုပေမဲ့ မိမိတို့ဘာသာရဲ့စာပေတွေကို ကူးယူပြီး အမှားကို အမှန်လုပ်၊ အမှန်ကို အမှားလုပ်ကာ ရေးသားပြောဆိုတာကိုတော့ ဘယ်လူ့အဖွဲ့အစည်းမှ လက်ခံမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိုးပြာဂိုဏ်းအနေနဲ့ ထေရဝါဒပိဋကတ်တွေကို ဖျက်လိုဖျက်ဆီးပြုလုပ်ပြီး ကိုယ်ပိုင်ဝါဒဟုကြွေးကြော်ခြင်းကို ရပ်တန်းက ရပ်ဖို့လိုပါလိမ့်မယ်။
မိမိတို့ ထေရဝါဒဗုဒ္ဓဘာသာကို အမှန်တကယ် သက်၀င်ယုံကြည်သူတွေအနေနဲ့လည်း မိုးပြာဂိုဏ်းကဲ့သို့ မိမိတို့ဘာသာကို ထိခိုက်လာဖွယ်ရှိတဲ့ ဆူးငြှောင့်မှန်သမျှ ဓမ္မဝိနယနဲ့အညီ ဥပဒေနဲ့အညီ ရှင်းလင်းသန့်စင်ဖို့ လိုအပ်ပါတယ်။ လောကမှာ ရေများရေနိုင်၊ မီးများမီးနိုင်ဆိုတဲ့ သဘောတရား ဆိုရိုးစကားကို အားလုံးပဲ ကြားဖူးကြပါလိမ့်မယ်။ ဒီစကားရဲ့အနက်သဘောကို ကောင်းကောင်းသိမြင်နိုင်ပြီး မီးနဲ့တူတဲ့ အဓမ္မဝါဒီတွေ အားမကောင်းခင် မြတ်ဗုဒ္ဓ၏အဆုံးအမ ဓမ္မဝိနယများကို ကျောက်တိုင်ကြီးသဖွယ် ခိုင်မာစွာ စိုက်ထူပြီး မိမိတို့ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ကြဖို့ တိုက်တွန်းလိုပါတယ်။ သာသနာရေး၀န်ကြီးနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၀င် ဆရာတော်ဘုရားကြီးများအနေနှင့် တကျော့ပြန် မိုးပြာဂိုဏ်းပြဿနာကို အေးဆေးတည်ငြိမ်စွာ ဖြေရှင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ အပြည့်အ၀ ယုံကြည်မျှော်လင့်မိပါတယ်။
ဗုဒ္ဓသာသနာရောင်ဝါနေသို့ ထွန်းစေသော်ဝ်
ဓမ္မသုတေသီ(မန္တလေး)
Credit:::
Comments
Post a Comment